ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့နယ် ဒွိုင်စခက်တွင် သက်ကြီးပညာသင်ကျောင်းရဲ့ ပထမဆုံး အပတ်စဉ် ဘွဲ့ရ သက်ကြီး ၂၅၄ ဦးအား ဘွဲ့လက်မှတ်အပ်နှင်းပွဲကို ယမန်နေ့က ကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပထမဆုံး သက်ကြီးကျောင်း Charaban Puthi Witthayalai School က အသက် ၅ဝ နဲ့ အထက် ရှိတဲ့ အနီးအနားက သူတွေကို သင်ရိုးတွေ ပို့ချပေးနေခဲ့တာဖြစ်ပြီး ပထမဆုံး ဘွဲ့ရသူ ၂၅၄ ဦးဟာ သင်ရိုးတွေကို အောင်မြင်ခဲ့သူတွေ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။
အဲဒီ သက်ကြီး ပညာသင်ကျောင်းက ကွန်ပျူတာ အသုံးပြုတာ၊ ခေတ်မီတဲ့ မိုဘိုင်းဖုန်း အသုံးပြုတာတွေနဲ့ ကျန်း မာရေး ကောင်းမွန်အောင် လုပ်ရတဲ့ လှုပ်ရှားမှုတွေနဲ့ အပါအဝင် ကောင်းမွန်တဲ့ဘဝကို ဦးဆောင်ဖို့ လိုအပ်မယ့် ကျွမ်းကျင်မှုတွေဘာသာရပ်တွေကို သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။
သက်ကြီးပညာသင် ဘွဲ့လက်မှတ် ပေးအပ်တဲ့ အခမ်းအနားမှာ ကျောင်း ဥက္ကဋ္ဌ Disthorn Vacharothai က မိန့်ခွန်းပြောတာမှာ အခုလို သက်ကြီးဘွဲ့ရတွေရဲ့ အောင်မြင်မှုဟာ ဘဝမှာ အသက်ကြီးပေမယ့် အရည် အချင်း ဆိုတာ ကြိုး စားရင် ရှိတယ်ဆိုတာ သက်သေထူလိုက်တာပဲလို့ ချီးမွမ်းစကား ဆိုပါတယ်။
ဘွဲ့ရ သက်ကြီးဘွဲ့ရသူတွေထဲမှာ အသက်အကြီးဆုံးက ၉၁ နှစ်ရှိ အဖွား Chanfong Suksamran ဖြစ်ပါ တယ်။
သူက မျက်စေ့လည်း ကောင်းသေးသလို မျက်မှန်မပါဘဲ စာလည်း ဖတ်နိုင်ပါတယ်။
သူက အခု ကျောင်းတက်ခဲ့ရတာ အရမ်းပျော်တာပဲလို့ ပြောပါတယ်။
သူ အခုလို ဘွဲ့ရတာကြောင့် အခြား လူ တွေနဲ့ ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အရေးတွေ ရခဲ့တာပါဘဲ။
အဖွား Chanfong Suksamran ဟာ ငယ်စဉ်က မူလတန်း ( ၄ တန်း) လောက်သာ ပညာသင်ခဲ့ရတာ ပါတဲ့။
ချင်းမိုင်နယ် ဒွိုင်စခက်ရှိ ချောင်ဒွိုင် မြူနီစပယ်ဝန် Chalerm Sarapaeng က သူ့ဒေသ လူ့အသိုင်းအဝိုင်း ထဲက သက်ကြီးရွယ်အိုတွေအတွက် သက်တောင့်သက်သာနဲ့ ပညာသင်ကြားနိုင်ဖို့ ဒီကျောင်းကို တည်ထောင်ခဲ့တာပါ။
ဒီကျောင်းမှာသင်ကြားပေးတဲ့ ဆရာဆိုတာတွေကလည်း ခရိုင်တွင်းမှာ ရှိတဲ့ လူမှု ဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးရုံး အပါအဝင် ဘုန်းတော်ကြီးတွေနဲ့အခြား ပညာတတ်တွေပဲဖြစ်ပါတယ်။
အိမ့်သံစဉ် ~
အသက် ၉၁ နှစ်အရွယ် အဖွား ဘွဲ့လက်မှတ်လက်ခံယူစဉ်၊ ဓာတ်ပုံ-Cheewin Sattha/ ဘန်ကောက်ပို့စ်